Saturday 23 July 2011

အကျင့်စာရိတ္တ နှင့် စိတ်ထား

ဆရာတော်ဦးဥတ္တမ၏ညီ ကျော်ထွန်းအောင် (ကိုရင်ကြီးဘွဲ့ ရှင်အရိယ) မှာ ယခုအခါ သက်တော် (၆၀) နှစ် ရှိပြီး အလယ်တောရတိုက် တောင်စွန်းကျောင်းတွင် အေးချမ်းစွာ သီတင်းသုံးလျှက်ရှိသည်။ 

 ကျွန်ုပ် ယခုပြုစုရေးသားသော ဆရာတော်ဦးဥတ္တမ၏ ထေ ရုပတ္တိတွင် ၎င်းရှင်အရိယထံမှ အများဆုံး သိမှတ်နာယူရသည့်အတွက် အလွန်ပင် ကျေးဇူးကြီးလှပေသည်။ 

၎င်းရှင်အရိယပင်လျှင် သာသနာ့တော်၌ ဆရာတော်ဦးဥတ္တမ၏ ဆုံးမသြ၀ါဒများကို အစဉ်နာယူပြီး ရဟန်းသာမဏေတို့၏ ကျင့်ဝတ်ကိုဖြည့်ဆည်းပူးလျှက်ရှိရာ တကြိမ်တွင် ကာလကတ္တားမှ နေ၍ ငါ့ညီယခုကဲ့သို့ လူဖြစ်လာရသည်မှာ ငါ့ညီတဦးတယောက်တည်း၏ အကျိုးစီးပွားတွက်သာဖြစ်သလော။ 

သို့တည်းမဟုတ် အခြားသောလူအများအထွက်ဖြစ်သလောဟူ၍  မေး ခွန်းထုတ်ဖူးသည်ကို အထက်ရေးသား ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ရှင်အရိယက အများ၏အကျိုးဇူးအလို့ငှာဟု ဖြေစာရေးသော်လည်း နောက်တော်သည် အတိအကျ ကျေနပ်နှစ်သိမ့်ခြင်း မရှိသေးဘဲ စစ်တွေမြို့သို့ကြွလာပြီး ညီဖြစ်သူအား နီးကပ်စွာခေါ်ယူလျက် သူ၏အဖြေသည် မှန်မမှန် ၀မ်းတွင်းစိတ်ဓာတ်က ထိုအယူအဆအတိုင်း ကြံ့ခိုင်တည်တံ့ခြင်း ရှိမရှိကို မေးခွန်ပေါင်း မြောက်များစွာထုတ်၍ မေးပြီးနော်မှာ တရားဓမ္မများကို ဆွဲဆောင်ဖျောင်းဖျပြီး ကောင်းသောအကျင့်၊ ကောင်းသောအကြံ နှင့် စင်ကြယ်သောစိတ်ထား၊ သူတော်ကောင်းတရား၌ မြဲ စွဲစွာ ကျင့်သုံးဆောင်တည်နိုင်ရေးတို့ကို ဟောပြောညွန်ပြတော်မူသည်ဟု ညီတော်က ကျွန်ုပ်အား ပြောပြသည်များမှာ လောကသံသရာ နှစ်ဌာနအတွက် မှတ်တမ်းတင်သင့်သော ဟောပြောဆုံးမချက်ဖြစ်ပေသည်။

အရှင်အရိယ ကိုယ်တော်ကြီးမှာလည်နောင်တော်ကဲ့သို့ပင် ပျဉ်းမနား၌ နိုင်ငံရေးတရားဟောပြောမှု ပုဒ်မ ၁၂၄ (က) နှင့် ထောင်ဒါဏ် ၆-နှစ် ကျခံရဖူးလေသည်။

ဆရာတော်ဦးဥတ္တမသည် ညီဖြစ်သူအား ဘုရားအလောင်းသူတော်ကောင်းတို့ ကျင့်သုံးတော်မူသည့် မြင့်မြတ်သောလမ်းစဉ်ကို ကျယ်တ၀င့် ဟောဖော်ညွန်ပြပြီးလျှင် (ဆိုင်ကိုလိုဂျီ) ခေါ် သောစိတ်ပညာ၊
စိတ်သမျှ မိန့်တော်မူသည်မှာ “သင်ဖြစ်ရသော လူဘ၀သည် အများအကျိုးစီးပွားကို အများဆုံးဆောင်ရွက်ရမည်သာ ဖြစ်သည်။ သင်၏လုပ်ငန်းနှင့် ကျင့်ဝတ်ဟူသမျှကို သင်နေ့တိုင်း စစ်ဆေးရမည်မှာ ထိုလုပ်ငန်းနှင့်ကျင့်ဝတ်တို့သည် အများ အကျိုးစီးပွားနှင့် သက်ဆိုင်သလော (သို့) ငါတစ်ယောက်တည်း၏ အကျိုးလော”။

“သူတပါး၏ရှူံးပါးမှုနှင့် အရှက်တစ်ခုခုကို မူတည်လျက် မိမိအဘိုးအမြတ်ကို မရှာဖွေနှင့်၊ သို့မှသာ စင်ကြယ်သည် ဖြစ်မည်”။ 

စသဖြင့်သွန်သင် ဟောပြောတော်မူ၏။ 

ဤမျှသော တရားဓမ္မပြသမှုသည်ပင်လျှင် ဆရာတော် ဦးဥတ္တမ၏ သီလ၊ သမာဓိ၊ ပညာဟူသော အခြေခံကျင့်ဝတ်တရား ၃-ပါးတွင် မူမပျက်သည်ကို နားလည်နိုင်ခွင့် ရှိလေသည်။

အိန္ဒိယတွင် နေထိုင်စဉ်က ကိလေသာအာသဝေါတို့ ကင်းစင်သော ရဟန္တာအရှင်မြတ်တို့သည် တိဘက်ပြည်တွင်နေကြသည်ဟု ကြားသဖြင့် ထိုရဟန္တာများရှိရာသို့ နှစ်ကြိမ်တိုင်တိုင် စွန့်စားကြွတော်မူသည်။ 

ပြည်တွင်းသို့ ၀င်ခွင့်မရ၍ လက်လျှော့ခဲ့ရ၏။ 

ဆရာတော်ကားဤ ဘ၀နှင့်ပင် မဂ်ဖိုလ်န်ဗာန်ကို ရဖို့ရန် ရည်ရွယ်သလော၊ ဘ၀အဆက်ဆက် ပါရမီတို့ကို ဆည်းပူးပြီးမှ ဘုရားစင်စစ်ဧကန်ဖြစ်ရန် ရည်ရွယ်သလောဟူ၍ကား တတ်အပ်သိနိုင်ဖို့ခက်သည်။ 

သို့ရာတွင် ကျွန်ခံနေရသော ဗမာတမျိုးသားလုံး၏ ကျွန်ဘ၀မှ လွတ်မြောက်ရန်အတွက် ပညာဥာဏ်နှင့်ယှဉ်ပြီး အကြီးဆုံးစွန့်စားလိုက်ခြင်းကား လောကတ္တစရိယ၊ သာတတ္တစရိယသို့ အကျူံးဝင်ပြီး အသက်သေသည်အထိ စွန့်စားဖို့ရာလိုက စွန့်စားဝံ့ရဲ့သည်ကို ကျွန်ုပ်တို့ မည်သို့မျှ ယုံမှားစရာ မရှိပေ။

ဤသို့ စွန့်စားတော်မူခြင်းတွင်လည်း တဖက်မှ အင်္ဂလိပ်အစိုးရအား လက်နက်ယှဉ်ပြိုင် တိုက်ခြင်းမျိုးကဲ့သို့ သွေးထွက်သံယို နာကျင်စေမူမျိုးမဟုတ်။ အဟိသကျင့်စဉ်မျိုးဖြင့်သာ အမျိုးသားတို့အား နည်းလမ်းညွန်ပြတော်မူခဲ့သည်။

ကိုယ်ကျိုးစီးပွားကား လုံးဝမပါ၊ ကားရှင်းတော်မူသည်ကို ပျံလွန်တော်မူသောအခါ၌ ဂျပန်ပြည် ယိုကိုဟာမစပီစိဘဏ်တိုက်တွင် ဂျပန်ပြည် ဂျပန်ငွေ ၂၀၀၀၀ (နှစ်သောင်း) လက်ကျန်ရှိနေခဲ့ခြင်းဖြင့် ပို၍ထင်ရှားသည်။

ထိုငွေဖြင့် ကိုယ်ကျိုးကိုယ့်စီးပွားဆို၍ ဆွမ်းတနပ်စာပင် အသုံးမပြုခဲ့ဘဲ ကမ္ဘာသို့ သာသနာဖြန့်ချိအတွက်သာ ရည်ရွယ်ပြီးသားခဲ့ရာ ညီရှင်အရိယနှင့် နှမ မအိမ်စိုးတို့ကလည်း ဦးဥတ္တမရည်မှန်းချက်မှာ ထိုငွေသည် သာသနာပညာထွန်းကားရေးအတွက်သာဖြစ်၍ ၎င်းတို့ပင်လျှင် ထုတ်ယူသုံးနိုင်သောလည်း ယခုထက်တိုင် ထုတ်ယူသုံးစွဲခြင်းမပြုကြပေ။

မည်သည့်အတွက် ထုတ်ယူသုံးစွဲခြင်း မပြုကြသနည်းဟု မေးမြန်းကြည့်သောအခါ ထိုငွေများမှာ ဆရာတော် ဦးဥတ္တမ ရှိစဉ်အခါကပင်လျှင် သူ၏ကိုယ်ရေးကိုယ်တာတွက်ဆို၍ တပြားမှမသုံး။ 

သာသနာရေး၊ ဘာသာရေး၊ ပညာရေးနှင့် စပ်လျဉ်းလာလျှင် သုံးစွဲရန်ထားသော ရံပုံငွေမျှသာဖြစ်သည်။ သို့အတွက် မသုံးစွဲလိုကြောင်း ပြောကြလေသည်။

ဆရာတော်ဘုရားသည် နိုင်ငံရေးမဆောင်ရွက်မီကစ၍ ဤကိစ္စများဆောင်ရွက်ရအံ့သောအခါ၌ ကိုယ့်ကိုယ်ကိုအနစ်နာခံရတော့မည်။

ဆင်းရဲခံရတော့မည်ဟု ဆထစ်ချ ယုံကြည်ရင်းစွဲရှိသည့်အတိုင်း ထောင်ထဲတွင် နေသောအခါကဖြစ်စေ၊ ထောင်မှလွတ်သောအခါဖြစ်စေ စားရေး သောက်ရေး မှစ၍ စစခြိုးပြီး နေနိုင်သမျှနေ၏။

ကျွန်ုပ်မျက်မြင်တွင် ရန်ကုန် ဘူတာကြီးပေါက်ဝမှ ဘယာကျော်ကုလားက တနေ့ ဘယာကျော်တခုကျ ပေးလှူသည်ကို နှစ်ခြိုက်စွာ စားသောက်လျှက် မည်သည့်ဒါယကာအိမ်သို့မျှကြွပြီး ငါ့ဆွမ်းကျွေးစမ်း၊ ဘာစမ်းဟူ၍ ပြောသည်ကို မကြားရပေ။ 

ရောက်သွား၍ စေတ နာသဒ္ဒါ စေတနာဖြ င့် ကျွေးမွေးပြုစုလျှင် ဘုဉ်းပေးသုံးဆောင်တော်မူ၏။ ဘုန်းကြီးသွားမလာနဲပဟု နှင်ထုတ်လျင်လည်း ဆင်းလာခဲ့ပြီးလျင် စိတ်ဆိုးခြင်း၊ ဒေါသဖြစ်ခြင်းကို မတွေ့ရပေ။ 

သူတော်ကောင်း ပညာရှိပီသ၏။ 

တခါက ၅၂ လမ်းတွင်နေသော ရခိုင်ပြည်သား အိန္ဒိယကောက်လွှတ်တော်အမတ် ၀တ်လုံဦးလှထွန်းဖြူသည် ဆရာတော်ဦးဥတ္တမအား မည်သည့်အခါမဆို အိမ်သို့ကြွာလာပြီး ဆွမ်းဘုဉ်းပေးရန် ဘိတ်မန္တ ကပြုထားသဖြင့် ကောင်းစွာ မကျန်းမာလှသောအခါတွင်ပင် ထိုအိမ်သို့ ကမာရွတ်မှ မီးရထား မစီး၊ ခြေလျှင်ကြွ၍ ကယိမ်းကယိုင် ရောက်လာသည်ကို မြင်ရသည်။ 

တနေ့တွင် ကျွန်တော်နှင့် ထိုအိမ်တွင်ပင် ဆုံမိကြ၏။

ဆရာတော်သည် ထိုအချိန်ကဆိုလျှင် နိုင်ငံရေးပါတီအချို့မှ လူကြီးများက သူ့အပေါ်၍ အငြိုးကြီးပြီး စေတနာကွက်နေချိန်ဖြစ်သည်။ 

သို့သော်လည်း နိုင်ငံရေးသဘော ကွဲလဲချက်ကလေးမျှနှင့်၎င်း၊ သူ့အပေါ်ရိုင်းပြစွာပင် ဆက်ဆံမှုပြုလုပ်ခြင်းဖြင့်၎င်း၊ သူအပေါ်တွင် မည်သို့မျှ အမျက်မထားသည့် လက္ခဏာကို ကောင်းစွာ ဖေါ်ပြနိုင်သဖြင့် သူတော်ကောင်း ပီသသည် ဆိုရပေမည်။

ဆရာတော်က “လှထွန်းဖြူရေ။ 

ငါမနေ့က ဦး….အိမ်ကို သွားတယ်ကွ။ သူက ငါ့ကိုမလာနဲပ ဘုန်းကြီး၊ ဘာညာနဲပ နှင့်ချလိုက်တာဘဲ” ဟု စာဟဲဟဲရယ်ရယ်မောမောနှင့် ပြောသည်ကိုကြားရသည်။
သည်းခံတော်မူနိုင်ပါပေသည်။ 

တရားဟောတော်မူသောအခါ၌ ဆရာတော်သည် ခပ်ကြမ်းကြမ်း၊ စကားလုံးပြောင်ပြောင်ကို မိမိရရသုံးစွဲ ပြောဆိုလေ့ရှိရာ ဆရာတော်မှာ စိတ်ကြမ်းကိုယ်ကြမ်း ရှိလှမည်ဟူ၍ပင် ထင်မိ၏။
နိုင်ထက်စီးနင်း ပြောလိမ့်မည်ဟုထင်မိ၏။

ဂျူဘလီဟော အစည်းအဝေးတွင် ဒိုင်အာခီကို လက်ခံမည့်သူတွေ မယုံကြနှင့်ဟူ၍ ဟောပြောရာ တရားအရပ်တွင် လူတယောက်က “ကိုယ်တော်ကိုကော ယုံရမှာလားဘုရား” ဟု ပရိသတ်ထဲမှထ၍ မေးခွန်းထုတ်သည်။

ဆရာတော်က “ဟေ့ မင်းအမေ့လင်ကိုလဲ မယုံနှင့်အုံး” ဟု ပြန်၍ဖြေလိုက်သည်။

ထိုသို့ပြောဆိုတတ်သော်လည်း အလွန်နူးညံ့သိမ်မွှေ့သော စိတ်ထားကို ကျွန်တော်ချီးမွမ်းမိပါသည်။

ကျွန်တော်သည် “ပညာအလင်း” နေ့စဥ်သ တင်စာတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်နေသောအချိန် (၁၉၂၃-ခုနှစ်လောက်) က များသောအားဖြင့် နိုင်ငံဘုန်းတော်ကြီးအများသည် သူတို့ရေးသောဆောင်းပါးများကို လာရောက်ပေးတတ်ကြ၏။ 

ကျွန်ုပ်တို့က ချိန်ဆပြီး ထည့်သင့်မှ ထည့်လေ့ရှိရာ အချို့ဘုန်းကြီးများကမူကား “ဟေ့ဒကာ၊ ထည့်မလား၊ မထည့်ဘူလားပြောကွာ။ ငါ့ကိုတော့ ညာမနေနဲ့” စသည်ဖြင့်ကြိမ်းမောင်းပြောတတ်ကြ၏။
အနိုင်ကျင့်သောဝါဒကို လက်မလွှတ်ကြ။

အခါက ကျွန်ုပ်တို့ သတင်းစာတိုက်ပိုင်ရှင် ဦးတင်ရော အယ်ဒီတာ ဦးဘသန်းပါ ထောင်ထဲသို့ရောက်နေပြီး ဦးတင်မှာလူသတ်ရန် ကူညီအားပေး မှုနှင့် စစ်ဆေးခြင်း ခံနေရဆဲရှိ၏။ 

ထိုအချိန်တွင် သာပေါင်းညာစား နိုင်ငံရေးယောင်ယောင် လူအချို့က ကျွန်ုပ်တို့ထံသို့ တခါမျှ မလာရဲဘဲ လွန်ရိုးဖြောင့်၍ သတ္တိရှိသောမိတ်ဆွေများသာ ၀င်ထွက်ကူညီလျှက် ရှိကြ၏။
 

တခါမျှပင် ကြွမလာဘူးသော ဆရာတော်ဦးဥတ္တမသည် ဟိန္ဒူဘုန်းကြီးမဒန်ဂျစ်နှင့် အတူ ကြွလာပြီး ကျွန်တော်နှင့် စကားစမြည်ပြောဆို၏။

ထိုသို့ပြောဆိုပြီးလျှင် သတင်းစာ တစ်မျက်နှာစာမျှရှိသော ဆောင်းပါးတစ်စောင်ကို ကျွန်တော့်အား ထုတ်ပေး၍ ကျွန်တော်ဖတ် ကြည့်နေစဉ် ထိုင်လျှက်ပင် စောင့်နေ၏။

ထိုအခါ ရာဇ၀တ်မှုကြီးဖြစ်နေသည့် အတွင်းဖြစ်နေ၍ အမှုနှင့် စပ်လျဉ်းပြီး မနစ်နာစေရန် ဆောင်းပါးသတင်းစသည်တို့ကို ကြပ်ကြပ်မတ်မတ် စစ်ဆေးကြည့်ရူရသော အချိန်အခါဖြစ်နေသည်။

ဆောင်းပါးမှာလေပြေလေအေးကလေးဖြင့်အမျိုးသားတို့၏ နှလုံးသည်းပွတ်ကို ဆွဲဆောင်ရေးသားထားသော ဆောင်းပါးမျှသာဖြစ်သည်။

အဆုံးသတ်တပုဒ်ကျမှ “ငါတို့အမျိုးသားတပ်ဦးမှ အမှုထမ်းလျက် ရှိသော ရဲဘော်စစ် “ပညာ့အလင်း” ကို လစ်လျူရူမထားသင့်” ဟုနှိုးဆော်စကားလေးတပုဒ်ပါ၏။

ကျွန်ုပ်ဖတ်ပြီးသော့အခါ ဆရာတော်က ဘယ့်နှယ်လဲထည့်မလားဟု ညင်သာစွာပင်မေး၏။
ကျွန်ုပ်က ထည့်ပါမယ်ဘုရားဟု လျှောက်ထားသောအခါမှာ ပြန်ကြွသွားတော်မူသည်။ 

ထိုအခါမှ ဆရာတော်၏စိတ်မှာ အတော်ပင် နူးညံ့သိမ်မွေ့ပါပေသည်ဟု ချီးကျူးမိပါ၏။ 

ရာဇတ်မှုတွေပြီးပြတ်၍ ဦးတင်နှင့် ဦးဘသန်း (လောကပါလ) တို့လွတ်မြောက်လာသောအခါ ဝံသာနု အသင်းတွေက ၀ိုင်းဝန်းကူညီထောက်ပံ့သော ရံပုံငွေ ၁၃၀၀၀ မျှ ပညာ့အလင်းက ရရှိလိုက်၏။

ကျွန်ုပ်တို့ ဗမာလူမျိုးတို့၏ သဒ္ဒါရှိရှိနှင့် ဆောင်ရွက်မှုကလေးများ ထင်ရှားလှ၏။

ဘာလမ်းစဉ်၊ ညာလမ်းစဉ်စသည်ဖြင့် စည်းရုံးရေးကို ဘယ်သို့ ဘယ်ညာ သွယ်ဝိုင်ဟောပြောကြစေကာမူ ကမ္ဘာ၌တည်တံ့နေကြသော လူတော်ထိပ်သီး ခေါင်းဆောင်ကြီးတို့၌ရှိခဲ့သော အရည်အချင်းဘခုမှာ အများတွက်ဖြစ်စေ၊ တိုင်းပြည်အတွက်ဖြစ်စေ။

ထိုသို့စွန့်လွှတ်ရုံနှင့် အရည်အချင်းပြည့်ဝပြီဟူ၍မဆိုရသေး။ 

ကိုယ်တိုင် ပညာရှိတို့၏ ကျင့်ဝတ္တရားမှ အဖော်လွှဲ ဖောက်ပြန် ကျင့်ကြံတတ်ပြန်ကလည်း ဂုဏ်တင်လောက်သော ခေါင်းဆောင်အဖြစ်သို့ မရောက်မီ ဆုတ်ယုတ်ပျက်ပြားခြင်းနှင့် တွေ့ကြုံတတ်၏။ 
ဘယ်လိုပုဂ္ဂိုလ်မျိုးကို ပညာရှိဟုခေါ်ဝေါ်သနည်း။ 

ဘာသာမျိုးစုံတတ်သူ (သို့မဟုတ်) ကျမ်းအစောင်စောင်ကို ခြောက်ခြားနိုင်သူကို ပညရှိဟူ၍မဆိုသေး။ 
ကိုယ်ကျင့်တရားကို မူတည်လျှက် ပညာရှိဟူ၍ နီတိကျမ်းဆရာတို့က ခေါ်ဆိုကြပေသည်။

ဆရာတော်ဦးဥတ္တမ၏ ကိုယ်ကျင့်တရားတွင် မြင့်မြတ်သော ကိုယ်ကျင့်တရားနှင့် ပညာရှိအင်္ဂါမြောက် ဆောက်တည်ကျင့်သုံးခြင်းရှိ၏။

နိုင်ငံရေး၌သူတဖက်သား (သို့မဟုတ်) အများကို နစ်နာစေပြီးမှ မိမိအတွက် အကျိုးရောက်ည်ဆိုသော လမ်းစဉ်မျိုးကား လုံးဝမှောက်မှားသော လမ်းစဉ်သဖြစ်သည်။

ဆရာတော်ဦးဥတ္တမ၏ ကျင့်ရိုးလမ်းစဉ်မှန်ကို လေ့လာခြင်းဖြင့် ကျွန်ုပ်တို့တိုင်းပြည်၏ ရှေ့လမ်းစဉ်ကို မမှားအောင် ဂရုပြုလျှက် အကျိုးကျေးဇူးဖြစ်ထွန်း တိုးပွါးမည်ဟူ၍ ယုံကြည်ထိုက်ပေသည်။